ဂျပန်နိုင်ငံ အနောက်ဖက်ကမ်းခြေ Fukui မှာရှိတဲ့ “Toujinbou” ချောက်ကမ်းပါးက နာမည်ကျော် နေရာတစ်ခုပါ။ နာမည်ကောင်းနဲ့ ကျော်ကြားတာတော့ မဟုတ်ပါဘူး။ အဲဒီနေရာမှာ ခုန်ချပြီး ကိုယ့်ဟာကိုယ် သတ်သေသွားကြတဲ့ သူတွေက တစ်နှစ်တစ်နှစ်ကို တော်တော်များပါတယ်။ ကိုယ်ဟာကိုယ် သတ်သေတော့မယ်လို့ စဉ်စားပြီး နေရာရွေးကြတဲ့အခါ အဲဒီ “Toujinbou” ချောက်ကမ်းပါးက ဆွဲဆောင်မှု တစ်စုံတစ်ခု ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

ရှီဂျီယူကိုင်အို က ရဲအရာရှိအငြိမ်းစားပါ။ စက်တင်ဘာ ၂၀၀၃ အငြိမ်းစားယူခါနီး ၆လခန့်သာလိုတော့တဲ့ အချိန်မှာပေါ့ … Fukui ကမ်းခြေတစ်လျောက် လှည့်ကင်းထွက်စဉ် လူငယ်စုံတွဲ တစ်တွဲနဲ့ဆုံတယ်။ သူတို့ကပဲ ယနေ့ ရှီဂျီယူကိုင်အို လုပ်နေတဲ့ အလုပ်ကို လုပ်ဖြစ်စေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

သူတို့က ထိုင်ခုံတန်းလေးတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေကြတယ်။ သူတို့အမူအရာကိုကြည့်ပြီး တစ်စုံတစ်ခုတော့ လွဲချော်နေမှန်း သူသိလိုက်တယ်။
“ခင်ဗျားတို့ ဒီမှာ ဘာထိုင်လုပ်နေကြတာတုန်း” လို့မေးတော့ …
“ကျနော်တို့ ဒီကျောက်စွန်းပေါ်က ခုန်ချပြီး သတ်သေမလို့ နေဝင်ချိန်ကိုစောင့်နေတာပါ” လို့ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေကြတယ်။
သူသိလိုက်ရတာက အဲဒီလင်မယားက တိုကျိုစီးပွားပျက်ကပ်အတွင်း ကြွေးမြီတွေ အတော်များခဲ့ပြီး စီးပွားပျက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကြံရာမရတော့လို့သာ Toujinbou ချောက်ကမ်းပါးကို ရောက်လာခဲ့တာပါ။
သူတို့ကို တစ်နာရီခန့်ကြာအောင် စကားပြောပြီးတဲ့အခါ ချောက်ကမ်းပါးမှ မခုန်ချဖို့ သူတို့ကို ဖျောင်းဖျနိုင်ခဲ့ပါတယ်။ “ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားလည်တဲ့သူတွေနဲ့ တိုင်ပင်သင့်တယ် .. ဒါဆိုရင် ခင်ဗျားတို့ အကူအညီ တစ်စုံတရာ ရလိမ့်မယ်ဗျ” လို့ရှီဂျီက အကြံပေးခဲ့တယ်။
ငါးရက်အကြာမှာ ထိုလင်မယားထံမှ ရှီဂျီထံသို့ စာတစ်စောင် ရောက်လာပါတယ်။ ၎င်းတို့ပြဿနာကို ဖြေရှင်းဖို့ အစိုးရထံမှ မည်သည့်အကူအညီမှ မရကြောင်း၊ ဖြေရှင်းရန်အတွက် ၎င်းတို့တွင် ရွေးချယ်စရာ မရှိတော့ပါကြောင်း ရေးသားထားပါတယ်။ မကြာခင်မှာပဲ လင်မယားနှစ်ယောက်စလုံး ကြိုးဆွဲချ သတ်သေသွားတဲ့ သတင်းကို ကြားရလိုက်ရတယ်။
သူကချက်ချင်းပဲ ပြည်တွင်းလူမှုလုံခြုံရေးဌာနကို သွားပြီး အဲဒီလင်မယားဆီက စာကိုပြပါတယ်။ “ဘာမှမဟုတ်တဲ့ ကိစ္စလေးနဲ့ သူတို့တွေ သေသွားရတယ်” လို့လည်း ပြောခဲ့ပြီး ဒီကိစ္စကို “လူ့အဖွဲ့အစည်းရဲ့ ပြစ်မှု” လို့နာမည်တပ်ခဲ့တယ်။
၂၀၀၄ခုနှစ် မတ်လမှာ ရဲတပ်ဖွဲ့ကနေ အငြိမ်းစားယူခဲ့ပါတယ်။ ပြီးတော့ အဲဒီ Toujinbou ချောက်ကမ်းပါးနဲ့ မီတာ ၁၀၀ လောက်ပဲ ဝေးတဲ့နေရာမှာ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ဖွင့်တယ်။ ရည်ရွယ်ချက်က suicide လုပ်ဖို့ လာကြတဲ့သူတွေကို နှစ်သိမ့်မှုပေးပြီး ဆွေးနွေးနိုင်ဖို့အတွက်ပါ။ နောက်တစ်နှစ်အကြာမှာ အစိုးရဆီက ရန်ပုံငွေတစ်ချို့ ရခဲ့ပါတယ်။

သူက နေ့စဉ်တိုင်း ချောက်ကမ်းပါးဘက်ကို လမ်းလျှောက်ထွက်တယ်။ ချောက်ကမ်းပါးဆီလာတဲ့ မျှော်လင့်ချက်မဲ့နေသူတွေကို တားဆီးဖို့ပါပဲ။ ရှုခင်းကြည့်ဖို့မဟုတ်ပဲ ချောက်ကမ်းပါးကို ရောက်လာကြတဲ့ စိတ်ဓါတ်ကျနေသူတွေကို ရှာဖွေပါတယ်။ ပြီးတော့ အနီးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးဆီကို ဖိတ်ခေါ်သွားပြီး မိုချီ လို့ခေါ်တဲ့ ဂျပန်ရိုးရာ ဆန်မုန့်နဲ့ ဧည့်ခံပါတယ်။ မိုချီက နှစ်သစ်ကူးပွဲတွေ၊ နှစ်ပတ်လည်ပွဲတွေမှာ ဧည့်ခံလေ့ရှိတဲ့ အစားအစာ တစ်မျိုးပါ။ “မိုချီက အတိတ်က ပျော်စရာကိစ္စတွေကို ပြန်ပြီးအမှတ်ရစေတယ်” လိုလည်း သူကပြောသေးတယ်။
သူက လက်ဖက်ရည်ဆိုင်ထဲ ရောက်လာကြသူတွေကို နှစ်သိမ့်မှု ကောင်းကောင်းပေးတယ်၊ သူတို့ရဲ့ လက်ရှိ လူနေမှုဘဝထဲက ခေတ္တခဏ ရှောင်ထွက်နိုင်ဖို့အတွက် ယာယီနေရာထိုင်ခင်း စီစဉ်ပေးရပါတယ်။ တချို့ကိုဆိုရင် အလုပ်ပါရှာပေးလိုက်ရ ပါသေးတယ်။
အဲဒီသူတွေထဲမှာ ထူးခြားတဲ့တစ်ယောက် ရှိပါတယ်။ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ အလုပ်လုပ်တဲ့ သူတစ်ယောက်ပါ။ လုပ်ငန်းခွင်မှာ မတော်တဆ ထိခိုက်ပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။ မိသားစုအတွင်း အဆင်မပြေတာတွေများလာပြီး သူ့ရဲ့ဇနီးက ရင့်သီးကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်းကိုလည်း ခံရပါတယ်။ သူက ကွာရှင်းလိုက်ကြဖို့ ပြောတော့ သူဇနီးက လက်မခံပါဘူး။ သူ့ရဲ့အမည်နဲ့ အသက်အာမခံတစ်စောင်ကို ဝယ်ပြီးတဲ့အချိန်မှာ သူ့ကို သွားသေလိုက်ဖို့ ရက်စက်စွာ ပြောပါတော့တယ်။ အဲဒါနဲ့ပဲ သူက Toujinbou ချောက်ကမ်းပါးဆီကို ထွက်လာခဲ့တာပါ။ ရှီဂျီက သူ့ကိုတွေ့တဲ့အချိန်မှာ သူက ချောက်ကမ်းပါးအစွန်းမှာ အရက်ခွက်လေး ကိုင်ရက်သားနဲ့လေ။ “ခင်ဗျား ဘာလုပ်နေတာလဲ .. မတော်တဆ လိမ့်ကျသွားလိမ့်မယ်” လို့ ပြောပေမယ့်လည်း ထိုသူက ဘာစကားမှ ပြန်မပြောပဲ တော်တော်လေး စိတ်မကောင်း ဖြစ်နေပုံ ရပါတယ်။ ဒါပေမယ့်လည်း စိတ်ရှည်ရှည်ထားပြီး ညနေစောင်း နေဝင်ပြီးတဲ့အထိ စကားတွေ ထိုင်ပြောဖြစ်လိုက်တယ်။ နောက်ဆုံးမှာတော့ လက်ဖက်ရည်ဆိုင်ကလေးဆီ လိုက်ပြီး ဆွေးနွေးကြဖို့ ထိုသူဆီက သဘောတူညီချက် ရလိုက်တယ်။ “အခက်အခဲဆိုတာ ပြေလည်စမြဲပါပဲ ထိုသူက အခုဆိုရင် မိန်းမနဲ့လည်း ကွာရှင်းပြီးပြီ၊ ပတ်ဝန်းကျင်မှာလည်း အဆင်ပြေတဲ့ လူတစ်ယောက် ဖြစ်နေပြီလေ” လို့ ရှီဂျီကပြောပြပါတယ်။
နောက်ပိုင်းမှာတော့ သူနဲ့အတူတူ စေတနာ့ဝန်ထမ်းတွေ အတော်များများက လာရောက်လက်တွဲပြီး လူ့ပတ်ဝန်းကျင်မှာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုကို လာရောက်ဝိုင်းဝန်း တားဆီးပေးကြပါတယ်။ ဒီကနေ့မှာတော့ သူ့ရဲ့အဖွဲ့အစည်းမှာ အမြဲတမ်းအဖွဲ့ဝင် ၈၅ ယောက်ခန့် ရှိပါတယ်။ နိုင်ငံအတွင်းက အဖွဲအစည်းတွေ၊ အစိုးရဋ္ဌာနတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ကိုယ့်ဟာကိုယ် သတ်သေမှုတွေ လျှော့နည်းစေဖို့အတွက် ဆွေးနွေးပွဲတွေ ပြုလုပ်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စိတ်ဓါတ်ကျနေသူတွေကို အားပေးဆွေးနွေး၊ နှစ်သိမ့်ပေးခြင်းအားဖြင့် ကူညီကြပါတယ်။ ပျောက်ဆုံးနေသူတွေကိုလည်း ဝိုင်းဝန်းရှာဖွေပေးကြပါသေးတယ်။
ရှီဂျီက စာအုပ်လေးအုပ်ရေးသား ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံးထုတ်ဝေထားတဲ့ စာအုပ်ကတော့ “Let’s prevent Suicide” ဆိုတဲ့စာအုပ်ပါ။ အဲဒီထဲမှာ သူတို့အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေကို အတော်များများ ပေါ်လွင်အောင် မြင်ရပါလိမ့်မယ်။ လူ့ဘဝမှာ မျှော်လင့်ချက် တစ်ခုမှမရှိတော့ဘူးလို့ ထင်နေကြသူတွေကို အကောင်းဆုံး ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အခုဆိုရင် Toujinbou ချောက်ကမ်းပါးတစ်ဝိုက်မှာ ကိုယ့်ဟာကိုယ် သတ်သေဖို့ ကြံစည်သူ ၂၄ဝ ကျော်ခန့်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပါပြီ။
“မသေသင့်သေးဘူးဆိုတာကို တစ်စုံတစ်ယောက်က လာရောက်ပြောပြဆွေးနွေးဖို့ကို သူတို့တွေက မျှော်လင့်နေကြတာ၊ လိုအပ်နေကြတာပါ” လို့လည်း သူကအမြဲပြောတယ်။
“ဘယ်သူက သေချင်မှာလဲ ဗျာ …”
Reader Digest Magazine (November 2010), Hero ကဏ္ဍမှာ ရွေးချယ်ခံထားရတဲ့ Lam Lye Ching ရေးတဲ့ ဆောင်းပါး (Back from the Brink) ကို ဘာသာပြန်ထားတာပါ။ Hero ကဏ္ဍမှာ တစ်လကို တစ်ယောက်ရွေးချယ်ဖော်ပြပေးပါတယ်။ အဲဒီကဏ္ဍအတွက် Reader Digest ကိုစာမူပေးပိုနိုင်ပါတယ်လို့ ဖိတ်ခေါ်ထားပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတပါးအကျိုးကိုဆောင်ရွက်နေသူ အကြောင်းဖြစ်ရပါမယ်။ ထုတ်ဝေဖြန့်ချိခြင်း မပြုရသေးတဲ့ စာမူဖြစ်ကြောင်းကိုလည်း အာမခံနိုင်ရပါမယ်။ မိမိရဲ့ Hero ရွေးချယ်ခံရပါက စာမူခ $100 ကို Reader Digest ကပေးမှာဖြစ်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ www.rdasia.com ကနေတဆင့် ပေးပို့နိုင်ပါတယ်။